ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အီသီယိုးပီးယားဝန်ကြီးချုပ် နိုင်ငံအတွက် လက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်တော့မယ်

အီသီယိုးပီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ်ဖြစ်တဲ့ အက်ဘီ အာမက် ကတော့ နိုင်ငံတွင်းက Tigrayan သူပုန်တွေကို တိုက်ထုတ်ဖို့ ကိုယ်တိုင်လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။

Tigrayan သူပုန်တွေဟာ ရှီဝါရိုဘစ်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးတဲ့နောက် (၁၃၆)မိုင်သာ ဝေးတော့တဲ့ အီသီယိုးပီးယားရဲ့ မြို့တော် အက်ဒစ် အက်ဘာဘာ ဆီကို ဆက်လက်ချီတက်လာခဲ့ကြတာပါ။

အသက် (၄၅)နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ စစ်သားဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အက်ဘီက သူ့အနေနဲ့ မြို့တော်ကို သိမ်းယူဖို့ ရောက်လာမယ့် သူပုန်တွေကို ရှေ့ဆုံးကနေ လက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်သွားမယ်လို့ သူ့ရဲ့တွစ်တာမှာ ရေးသားသွားခဲ့တာပါ။

“အီသီယိုးပီးယားရဲ့ သားသမီးတွေအနေနဲ့ သမိုင်းတွင်အောင်လုပ်ရမယ့်အချိန်ရောက်ပြီ၊ မင်းတို့လက်တွေကို နိုင်ငံအတွက် မြှောက်ထားလိုက်၊ ရှေ့တန်းစစ်မျက်နှာမှာတွေ့ကြမယ်” လို့ အက်ဘီက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားသွားခဲ့ပါတယ်။

အီသီယိုးပီးယားစစ်တပ်နဲ့ မြောက်ပိုင်းသူပုန်အဖွဲ့ Tigrey ရဲ့ တိုက်ခိုက်မှုတွေဟာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လူပေါင်းနှစ်သန်းထက်မနည်း သူတို့နေအိမ်တွေကို စွန့်ခွာခဲ့ရသလို သေဆုံးသူအရေအတွက်လည်း ထောင်နဲ့ချီပြီး ရှိခဲ့တာပါ။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref: Aljazeera