ကာကွယ်ဆေးထိုးမလား အသေခံမလား လို့ ပြည်သူတွေကို ဂျာမန်ကျန်းမာရေးဝန်ကြီး သတိပေး

ဂျာမနီနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး ယန်စဖန် က ဂျာမန်ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကုသမှုခံယူမလား၊ ဒါမှမဟုတ် အသေခံမလား လို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဂျာမနီမှာ ရိုက်ခတ်နေတဲ့ ကိုဗစ် စတုတ္ထလှိုင်းဟာ ရောဂါကူးစက်မှုနှုန်း မြင့်မားနေပြီး သေဆုံးသူ အရေအတွက်ကလည်း တိုးမြင့်လို့နေခဲ့တာပါ။

“ဒီဆောင်းရာသီအကုန်လောက်မှာ ဂျာမနီနိုင်ငံတွင်းမှာရှိတဲ့ လူအကုန်လုံး ကာကွယ်ဆေးထိုးပြီးဖို့ ကြိုးစားရမှာပါ။ ဒီနေရာမှာ ကုသမလား သေမလားဆိုတာပဲ ရှိပါတယ်” လို့ ယန် က ဆိုပါတယ်။

ဂျာမနီနိုင်ငံရဲ့ ခရစ္စမတ်ဈေးတွေအပါအဝင် နေရာတော်တော်များများဟာ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရပြီး နိုင်ငံတွင်း အဆိုးရွားဆုံး ကိုဗစ်ရိုက်ခတ်မှုနဲ့ ရင်ဆိုင်နေရတာပါ။

ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်ကလည်း ဂျာမနီနိုင်ငံရဲ့ လက်ရှိကိုဗစ်အခြေအနေတွေနဲ့ပတ်သက်လို့ သတိပေးမှု ပြုလုပ်ထားခဲ့ပြီး ကာကွယ်ဆေးမထိုးထားသူတွေအနေနဲ့ လူအများစု သွားလာတဲ့နေရာတွေကို ဝင်ခွင့်ရမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း သတိပေးထားပါတယ်။

ဂျာမနီနိုင်ငံတွင်းမှာတော့ ကိုဗစ်ကာလအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅ ဒသမ ၄ သန်းရှိခဲ့ပြီး သေဆုံးသူ ဦးရေကတော့ စုစုပေါင်း (၉၉၀၀၀)ကျော် ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၁)ရက်မှာတော့ ရောဂါကူးစက်မှုဟာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး တစ်ရက်တည်းမှာတင် ကူးစက်ခံရသူဦးရေ (၄၀၀၀၀)နီးပါးရှိခဲ့ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:CNN