မင်္ဂလာဒုံမြို့နယ် ပတ္တမြားမှတ်တိုင်အနီး YBS ၃၅ ယာဉ် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမှတ်တိုင်အနီး၌ YBS ၃၅ ယာဉ်တစ်စီးသည် ယနေ့ ( နိုဝင်ဘာ ၂၃ ရက် ) မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ယာဉ်သည် အမှတ်(၃)လမ်းမကြီး၊ ပတ္တမြားမှတ်တိုင်အနီးတွင် ရှိနေစဉ် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

” ကားအနောက်မှာရှိတဲ့ အင်ဂျင်က heat တက်တာပေါ့ ။ အင်ဂျင်အပူလွန်ပြီး အဲဒီအပေါ်မှာ ဂျက်ဖာတွေ၊ စက္ကူထုပ်တွေ ထားထားတော့ မီးကူးပြီး ကားအတွင်းပိုင်း ကူရှင်တွေကိုပါ လောင်သွားတာပါ။ ကားက တစ်စီးလုံးလောင်တာပါ။ မီးသတ်စခန်းအနေနဲ့လည်း ပတ္တမြားကိုသွားရင် ၁၀ မိနစ်လောက်သွားရတော့ အဲဒီချိန်တွင်းမှာပဲ မီးက အတွင်းပိုင်းကိုဝင်သွားတော့ ကားဆိုဖာတွေကလည်း မီးလောင်လွယ်တာမို့ မီး‌‌လောင်ကျွမ်းမှုနည်းနည်းများသွားတာပါ။ လူထိခိုက်မှုမရှိပါဘူး ” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကဆိုသည်။

မီး‌လောင်သည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီ ၆ မိနစ်ခန့်ကလည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာလမ်းသွယ်(၁)လမ်း၊ အမှတ် (၄) ကားဂိတ်တွင် ရပ်နားထားသော YBS ယာဉ်တစ်စီး မီး‌လောင်မှုဖြစ်ပွားခဲ့သည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – MFSD