ကျန်းမာရေးအရ ခရီးမသွားသင့်ကြောင်း ဆေးလက်မှတ်ရှိနေ၍ ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ခွင့်မရသေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသည့်အမှုများထဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ခံပြသက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်အားထွက်ဆိုရန် ဆင့်ခေါ်ထားသော်လည်း ကျန်းမာရေးအရခရီးမသွားသင့်ကြောင်း ဆရာဝန်ဆေးလက်မှတ်ရှိနေ၍ ယနေ့(နိုဝင်ဘာ ၂၃ ရက်) တွင် တရားရုံးသို့ မလာရောက်ဖြစ်ခဲ့ကြောင်း တရားရုံးအသိုင်းအဝိုင်းမှသိရသည်။

၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် နေပြည်တော်ရှိ ရွှေကြာပင်ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်သည်ဟုဆိုကာ အရပ်သား ဦးညီညီက ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသောအမှုတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က စွပ်စွဲခံရသူဘက်မှသက်သေထွက်ဆိုရန် ပြီးခဲ့သည့်တစ်ပတ်ရုံးချိန်းတွင် တင်သွင်းထားခြင်းဖြစ်သည်။

တရားရုံး၏ဆင့်ခေါ်စာကို ဒေါက်တာဇော်မြင့်မောင်ကလက်ခံရရှိခဲ့သော်လည်း ကျန်းမာရေးအခြေအနေအရ တရားရုံးသို့မတက်ရောက်နိုင်ခဲ့ကြောင်း၊ ဒေါက်တာဇော်မြင့်မောင်သည် ရောဂါအမျိုးမျိုး ခံစားနေရသောကြောင့် ခရီးသွားခွင့်မပြုသင့်ကြောင်း ဆရာဝန်၏ဆေးလက်မှတ်ကို တရားသူကြီးအား ပြသခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူကဆိုသည်။

ထို့ကြောင့် ဥပဒေအရာရှိက (Video Conferencing) စနစ်ဖြစ် အွန်လိုင်းမှစစ်ဆေးရန်အကြံပြုခဲ့ပြီး တရားသူကြီးကလည်း လူကိုယ်တိုင်လာရောက်ထွက်ဆိုရန်မလိုဘဲ တရားရုံးအချင်းချင်း အပြန်အလှန်မေးခွန်းပေး၍ စစ်ဆေးစေခြင်းနည်းဖြင့် စစ်ဆေး၍ရနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ရှေ့နေများနှင့် ပြန်လည်တိုင်ပင်ရန်ဆန္ဒရှိနေသည့်အတွက် နိုဝင်ဘာ ၃၀ ရက်မှသာ ဒေါက်တာဇော်မြင့်မောင် မည်သို့သက်သေထွက်ဆိုမည်ဟူသည့်အချက်ကို တရားရုံးသို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့်ဒေါက်တာမျိုးအောင်တို့သုံးဦးအား ပူးတွဲစွဲဆိုထားသော ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင်တို့အား စွဲဆိုထားသော သဘာဝဘေးပုဒ်မ ၂၅ မှုများအတွက် အပြီးသတ်အမိန့်ချမှတ်ရန်ရှိနေကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုခံထားရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – Zaw Myint Maung FB