မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ၀င်းအတွင်းရှိ တွဲကားတစ်စီး မီးလောင်မှုဖြစ်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာ၀င်းအတွင်းရှိ တွဲကားတစ်စီး မီးလောင်မှု ယနေ့ (နိုဝင်ဘာ ၂၄ ရက် ) နံနက် ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုမှာ ဇေကမ္ဘာ၀င်းအတွင်းရှိ သံဂိုထောင်အတွင်း၌ ကုန်ပစ္စည်းများချနေစဉ် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အကြောင်းရင်းကိုစုံစမ်းနေဆဲပါ။ ကားခေါင်းကစပြီး မီးလောင်တာ။ လူထိခိုက်မှုတော့မရှိပါဘူး ” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသိန်းထွန်းဦး က ဆိုသည်။

မီးလောင်သည့်နေရာသို့ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်လေးစီးနှင့် ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – Myanmar Fire Service Department