မကွေးမြို့ရှိ စလင်းမြို့မဈေးကြီး မီးလောင်မှု ဆိုင်ခန်း ၁၀၀ ကျော်ပျက်စီး

မကွေးတိုင်း၊ စလင်းမြို့ရှိ စလင်းမြို့မ‌ဈေးကြီး မီးလောင်မှု ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) ညနေပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဈေးသည် စလင်းမြို့၊ ဈေးမရပ်ကွက်တွင်တည်ရှိပြီး ဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိသည့်အနက် ဆိုင်ခန်း ၁၂၉ ခန်း မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ဆိုသည်။

“သတင်းရတာတော့ မနေ့ညနေ ၆ နာရီ ၂၅ လောက်မှာ သတင်းရတယ်။ ၇ နာရီ ၅ မိနစ်မှာ မီးထိန်းနိုင်ပြီး ၇ နာရီ ၃၅ မှာ မီးငြိမ်းသွားတယ်။ အကြောင်းရင်းကိုတော့ ကျွန်တော်တို့စုံစမ်းဆဲပါ။ ဆုံးရှုံးမှုတန်ဖိုးကိုလည်း တွက်နေတုန်းပါ” ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ စလင်းမြို့နယ်မီးသတ်စခန်း၊ မင်းဘူးခရိုင်မီးသတ်စခန်း၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်း၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်း၊ ကုန်းဇောင်းနယ်မြေမီးသတ်စခန်း၊ ကန်ပြားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင်လည်း မကွေးတိုင်း၊ နတ်မောက်မြို့ရှိ မြို့မဈေးကြီးမီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၂၄၂ ခန်းမီးလောင်ကျွမ်းခဲ့ပြီး အခန်းတန်ဖိုး ၂၆၂ သိန်း၊ ပစ္စည်းတန်ဖိုးသိန်း ၁၅၀ ဖိုး၊ စုစုပေါင်း ၄၁၂ သိန်း ပျက်စီးဆုံးရှုံးခဲ့သည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – Myanmar Fire Service Department