အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီလက်ရေးမူစာရွက်တွေကို ဒေါ်လာ ၁၃ သန်းနဲ့ ရောင်းချ

နာမည်ကျော် ရူပဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ (Theory of relativity) လက်ရေးမူစာရွက်တွေကို ခရစ္စတီလေလံကုမ္ပဏီက ရောင်းချခဲ့ပြီး ဒေါ်လာ ၁၃ သန်း ရရှိသွားခဲ့ပါတယ်။

၁၉၁၃ ခုနှစ်ကနေ ၁၉၁၄ ခုနှစ်အတွင်း အိုင်းစတိုင်းနဲ့ သူ့ရဲ့မိတ်ဆွေ ဆွစ်ဇာလန်/အီတလီ အင်ဂျင်နီယာ မိုက်ကယ်ဘက်ဆိုတို့ရေးသားခဲ့ကြတဲ့ လက်ရေးမူ စာရွက် ၅၄ ရွက်ကို ခရစ္စတီကုမ္ပဏီက လေလံတင်ခဲ့တာပါ။

ဒီ လက်ရေးမူတွေကို ပြင်သစ်နိုင်ငံထဲက အမည်မဖော်ပြထားတဲ့ ဝယ်သူတစ်ယောက်က ဝယ်ယူသွားခဲ့တာဖြစ်ပြီး လေလံအောင်မြင်သွားခဲ့ပါတယ်။

ဒီ လက်ရေးမူတွေဟာ နှိုင်းရသီအိုရီရဲ့ အရေးကြီးအဆင့်တွေကို ရေးသားထားခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မှာ နှစ်ယောက်အတူ ရေးသားထားခဲ့ကြတာတွေ ဖြစ်ပါတယ်။

ခရစ္စတီလေလံကုမ္ပဏီဟာ ဒီလက်ရေးမူတွေကို ဒေါ်လာ ၂ ဒသမ ၄ သန်းကနေ ၃ ဒသမ ၅ သန်းအကြား တန်ဖိုးစတင်သတ်မှတ်ခဲ့တာဖြစ်ပြီး လေလံပွဲပြီးဆုံးသွားချိန်မှာတော့ မြင့်မားတဲ့ ဈေးနှုန်းကို ရရှိသွားခဲ့တာပါ။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:BBC