လမ်းကြောင်းပိတ်ဆို့မှုများကြောင့် တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

တနင်္သာရီတိုင်းထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၌ လမ်းကြောင်းပိတ်ဆို့ခံရမှုများကြောင့် စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း စစ်‌‌ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

“မြို့ပေါ်ကနေသယ်လို့မရတာ၊ လမ်းမှာစစ်ဆေးဖမ်းဆီးတာတွေလုပ်တော့ ရိက္ခာသယ်လို့မရဘူးဖြစ်နေတာ။ အနီးနားကရွာတွေကပဲ ရသလောက်ဝယ်ရတာ။ မြို့ပေါ်ကနေသယ်လို့မရတော့ စားနပ်ရိက္ခာက အဓိကအခက်အခဲဖြစ်နေတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။

လက်ရှိတွင် တောင်ပျောက်တိုက်နယ်အတွင်း စစ်ရှောင်တစ်ထောင်ခန့်နှင့် ရေဖြူမြို့နယ်အတွင်း စစ်ရှောင်လေးရာခန့်ရှိနေပြီး ယခုကဲ့သို့လမ်းကြောင်းပိတ်ဆို့ခံထားရသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ဖေဖေါ်ဝါရီ ၁ ရက်မှစတင်ကာ နိုင်ငံတွင်း နေရပ်စွန့်ခွာထွက်ပြေးလာရသူ ပေါင်း ၁၆၆,၇၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားသည်။

အဆိုပါနေရပ်စွန့်ခွာထွက်ပြေးလာရသူများတွင် ကယားပြည်နယ်မှ ၈၄,၃၀၀ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၂၀,၈၀၀ ဦး၊ ကရင်ပြည်နယ်မှ ၄၉,၅၀၀ ဦး၊ မွန်ပြည်နယ်မှ ၅,၀၀၀ ဦး၊ တနင်္သာရီက ၇,၁၀၀ ဦး တို့ပါဝင်ကြောင်းသိရသည်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ – ထားဝယ်ခရိုင်သပိတ်ကော်မတီ