အပြောအဆိုနှင့်အရေးအသား

ဟာသတစ်ပုဒ်ကို ဖတ်ခဲ့ဖူးတယ်။ ဂျပန်ခေတ်ကတဲ့။ ဂျပန်စစ်သားတစ်ဦးဟာ မြန်မာစကားကို လေ့လာသတဲ့။ တစ်နေ့တော့ သူလမ်းလျှောက်လာနေတုန်း စက်ဘီးစီးလာတဲ့ မြန်မာတစ်ဦးရဲ့ စက်ဘီးနဲ့တိုက်မိတယ်။ ဂျပန်စစ်သားက သူ့အင်္ကျီအိတ်ထဲက စာအုပ်ကလေးတစ်အုပ်ကို ထုတ်လိုက်တယ်။ စက်ဘီးစီးလာတဲ့ သူလည်း ကြောက်ရွံ့ထိတ်လန့်သွားမိတယ်။ သူ့ကို ဘာများလုပ်မလို့လဲဆိုပြီး စိုးရိမ်ပူပန်တာပေါ့လေ။ ဂျပန်စစ်သားက စာအုပ်ကို ဖွင့်ပြီး ယခုလို အော်လိုက်သတဲ့။

“အား”…..တဲ့။

အဓိပ္ပာယ်ကတော့ လူတစ်ယောက် ထိခိုက်နာကျင်သွားတဲ့အခါ မြန်မာတွေ ဘယ်လိုအော်သလဲဆိုတာ သိချင်လို့ စာအုပ်ဖွင့်ကြည့်တယ်ပေါ့။

Reader Digest မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ခဲ့ဖူးတဲ့ ဟာသ တစ်ပုဒ်ကိုလည်း အမှတ်ရမိတယ်။ အမေရိကန်နှစ်ယောက် ဂျပန်နိုင်ငံက ပျော်ပွဲစားရုံတစ်ရုံမှာ စားသောက်ကြသတဲ့။ သူတို့နှစ်ယောက်မှာ တစ်ယောက်က ဂျပန်လို ပြောတတ်၊ ဆိုတတ်တယ်။ တစ်ယောက်ကတော့ ဂျပန်လို မပြောမဆိုတတ်ဘူး၊ ဂျပန်လို မပြောမဆိုတတ်တဲ့ အမေရိကန်က စားပွဲထိုးကို ဂျပန်ဘာသာစကားနဲ့ ကျေးဇူးတင်ကြောင်းပြောချင်တယ်။ ဘယ်လိုပြောရမလဲလို့ သူ့ရဲ့ သူငယ်ချင်းကို မေးတယ်။ သူ့သူငယ်ချင်းက ‘အာရိဂတော’ လို့ ဂျပန်လို ပြောဖို့သင်ပေးတယ်။ သူက အဲဒီ စကားလုံးကို သိပ်ပြီးတော့ မမှတ်မိချင်ဘူး ဖြစ်နေတယ်။ သူ့သူငယ်ချင်းက ‘အာရိဂတော’ဆိုတဲ့ အသံထွက်နဲ့ ခပ်ဆင်ဆင်တူတဲ့ အယ်လီဂေတာ ( Alligator) ကို မှတ်ထားဖို့ ပြောတယ်။ Alligator ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရက မိကျောင်းခေါင်းတိုကို ဆိုလိုတာ ဖြစ်တယ်။

စားသောက်ပြီးလို့ ပြန်ခါနီးမှာ ဂျပန်စားပွဲထိုးကို နှုတ်ဆက်တယ်။ သူ့ရဲ့ခေါင်းထဲမှာ ‘အာရိဂတော’ ဆိုတာလည်း မေ့သွားပြီ၊ Alligator လည်းမရှိတော့ဘူး။ ဘယ်လိုနှုတ်ဆက်တယ်လို့ ထင်ပါသလဲ၊

“ကရိုကိုဒိုင်းလ် ( Crocodile)”….တဲ့။

Alligator က မိကျောင်းခေါင်းတိုကို အင်္ဂလိပ်လိုခေါ်တာ ဖြစ်သလို၊ Crocodile ကလည်း မိကျောင်းကို ပြောတာပဲလေ။ အဲဒီတော့ သူ့ရဲ့ စိတ်ထဲမှာ Alligator ကို မေ့သွားပြီး Crocodile ရောက်လာတာပဲ ဖြစ်တယ်။

အနောက်တိုင်း ပုံပြင်တစ်ပုဒ်လည်း ရှိသေးရဲ့။ အမေရိကတိုက် ရက်အင်ဒီးယန်းတွေနေတဲ့ ဒေသကို အမေရိကန်ခရစ်ယာန်သာသနာပြုဆရာတွေ ရောက်သွားတယ်။

တစ်နေ့တော့ သာသနာပြုဆရာတစ်ဦးဟာ တောထဲကို သစ်ခုတ်ဖို့ သွားခဲ့တယ်။ လယ်ထွန်သွားနွားမေ့ဆိုသလိုပါပဲ။ သာသနာပြုဆရာဟာ သူ့ရဲ့အိမ်မှာ ပုဆိန်မေ့ကျန်ခဲ့တယ်။ သူက သစ်တိုသစ်စတစ်ခုမှာ မီးသွေးနဲ့ စာရေးလိုက်တယ်။ ပြီးတော့ သူနဲ့ အတူပါလာတဲ့သူတွေထဲက သူ့ရဲ့တပည့် ရက်အင်ဒီးယန်းတစ်ဦးကို အဲဒီသစ်စယူသွားပြီး သူ့ဇနီးကို ပေးဖို့မှာလိုက်တယ်။

သူ့ရဲ့တပည့် ရက်အင်ဒီးယန်းလည်း သူ့ရဲ့ဆရာ သာသနာပြုဆရာရဲ့အိမ်ကိုသွားတယ်။ သာသနာပြုဆရာရဲ့ ဇနီးကို သစ်စလေးပေးလိုက်တယ်။ သာသနာပြုဆရာရဲ့ ဇနီးက သစ်စပေါ်က မီးသွေးနဲ့ ရေးထားတဲ့စာကိုဖတ်ပြီး ပုဆိန်ကိုထုတ်ပေးလိုက်တယ်။ ရက်အင်ဒီးယန်းက စာမတတ်ဘူး ။ ပုဆိန်ကို ယူလာပြီး သူ့ရဲ့ဆရာကိုပေးတယ်။ ပြီးတော့ ယခုလိုလည်း ပြောလိုက်သေးသတဲ့။

“ဆရာကြီးရဲ့ သစ်စက စကားပြောတတ်တယ်နော်”…..တဲ့။

စာမတတ်တော့ သစ်စပေါ်မှာ စာရေးထားတာကို သူမသိဘူးလေ။

ဆရာကြီး ဦးရန်အောင်က ‘ရန်အောင့်စာ၊ ရန်အောင့်ဘ၀ ‘ဆိုတဲ့ စာထဲမှာ အောက်ပါအတိုင်းရေးသားခဲ့ဖူးတယ်။

‘စကား ဟူသည် နှုတ်ဖြင့် ရေးသောစာ၊ စာပေဟူသည် လက်ဖြင့်ပြောသော စကားသာလျှင် ဖြစ်ပါသည်’…..တဲ့။

စာရေးဆရာကြီး မောင်ထင်ကလည်း ‘မြန်မာစာပေအမြုတေ၊ ပုဂံခေတ်ဦးနှင့် မြန်မာစာအရေးအသား’ဆိုတဲ့ ဆောင်းပါးထဲမှာ အောက်ပါအတိုင်းရေးသားခဲ့တယ်။

‘ပြောစကားကို စကားပြေဟု ခေါ်လျှင် ရေးသောစာကို စာပြေဟုဆိုရမည်လော။ ဤသို့မေးချင်လည်း မေးနိုင်၏။ ပြောစကားကို စာရေးပြသောအခါ စကားရေးသည်ဟု ပြောရိုးပြောစဉ်မရှိ၊ စကားပြေရေးသည်ဟူ၍သာ ဆိုရသည်။ စကားသည် ပြောသော အသံဖြစ်သည်။ ထိုအသံကို အက္ခရာဖြင့် အမှတ်အသားပြု၍ ထိုအမှတ်အသားအက္ခရာတို့ကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ပြီးလျှင် ကျောက်ဆစ်၊ အုတ်ခွက်၊ ပျဉ်ပြား၊ ပေ၊ ပုရပိုက်၊ ရွှေခွက်၊ ငွေခွက်၊ စာရွက် စသည်တို့အပေါ်တွင် ရေးခြစ်လိုက်သောအခါ စာဖြစ်လာသည်။’

စာပေလေ့လာ လိုက်စားသူတိုင်း၊ ဖတ်ရှုသူတိုင်းသိကြတယ်။ ဒီနေ့ ဒီခေတ်ဒီအချိန်မှာ ပြောဆို၊ ရေးသား၊ သုံးနှုန်းတာတွေဟာ ဟိုးရှေးယခင်ခေတ်ကာလက ပြောဆို၊ ရေးသား၊ သုံးနှုန်းတာတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားသွားခဲ့ပါပြီ။

မြန်မာစာအရေးအသား မပေါ်ပေါက်ခင်မှာ ပျူစာအရေးအသား စတင်ပေါ်ပေါက်လာခဲ့တယ်။ ပျူစာအရေးအသားမှာ ပါဠိလွှမ်းမိုးခဲ့တယ်။ ပြည်ခရိုင် မှော်ဇာမြို့အနီး မောင်းကန်ရွာမှာ တူးဖော်ရရှိခဲ့တဲ့ ရွှေပြားနှစ်ချပ်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်ရဲ့အနှစ်ချုပ်ကို ‘ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံဟေတုံ’ အစချီတဲ့ ဂါထာနဲ့ ရေးမှတ်ထားတာကို တွေ့ရတယ်လို့ ဆိုတယ်။

ပျူအရေးအသားပေါ်ပေါက်ခဲ့တဲ့ နှစ်ကာလနဲ့ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့တဲ့ နှစ်ကာလအကွာအဝေးဟာ နှစ်ပေါင်း ငါးရာကျော်၊ ခြောက်ရာမျှကွာခြားတယ်တဲ့။

ရာဇကုမာရ်ကျောက်စာဟာ မြန်မာဘာသာစကားဖွံ့ဖြိုးမှုမှာ သင်စအဆင့်ပဲရှိတယ်လို့ ဆိုတယ်။ ကျောက်စာမှာ သတ်ပုံသတ်ညွှန်းအသားမကျသေးပေမယ့်လည်း ဝေါဟာရအသုံးအနှုန်းနဲ့ ဝါကျထုံးဖွဲ့ပုံကတော့ အဆင့်အတန်း သင့်တင့်ကောင်းမွန်တယ်လို့ဆိုပါတယ်။

တဖြည်းဖြည်းနဲ့ မြန်မာစာအရေးအသား တိုးတက်မြင့်မားလာခဲ့တယ်။ ဗြိတိသျှကိုလိုနီခေတ်ကာလက “မြန်မာစာသည် ဒို့စာ”ဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြတယ်။ မြန်မာစာဟာ ရုံးသုံးစာအဆင့်အတန်းကိုရောက်လာတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်အထိ မြန်မာစာကို ပီပီပြင်ပြင် မရေးတတ်သေးတာတွေကိုလည်း အများကြီးတွေ့နေရသေးပါတယ်။ တစ်ခါက ဂျာနယ်တစ်စောင်ရဲ့သတင်းစာခေါင်းစီးကို အောက်ပါအတိုင်း ရေးသားထားတာ ဖတ်လိုက်ရတယ်။

‘မြို့တော်ဝန်၏ စီမံမှုဖြင့် မီးလောင်သွားသော မင်္ဂလာဈေးကြီးအား ပြုပြင်တည်ဆောက်’….တဲ့။ မျက်လုံးပြူးမျက်ဆန်ပြူးစရာ သတင်းခေါင်းစီးပါပဲ။ မီးလောင်အောင်ပြုလုပ်တာက မြို့တော်ဝန်လို့ အဓိပ္ပာယ်သက်ရောက်နေတယ်။

ဆရာကြီး မောင်ထင်က ‘မြန်မာစာထုံးဖွဲ့မှု’ဆိုတဲ့ ဆောင်းပါးထဲမှာ အောက်ပါအတိုင်း ရေးသားခဲ့တာကို ဖတ်ရှုခဲ့ရဖူးတယ်။

‘မြန်မာစာကို မြန်မာဖတ်လျှင် အဓိပ္ပာယ် ပေါက်အောင် ရေးထုံးနည်းနာတော့ မှန်ရပါလိမ့်မည်။ သဒ္ဒါသည် အဖွဲ့ဖြစ်သည်။ သဒ္ဒါသည် အနှစ်မဟုတ်။ ထို့ကြောင့် အဖွဲ့ကိုပစ်၍ အနှစ်ကိုသာ ဂရုစိုက်ရမည်ဟု ဆိုချင်ဆိုကြပေလိမ့်မည်။ သို့သော် အဖွဲ့ကသာ အနှစ်ကို ထင်ပေါ်အောင် ပြနိုင်လိမ့်မည်။ အနှစ်သည် ပတ္တမြားဖြစ်ပါ၏။ သို့သော် ပတ္တမြားကို ထင်းရှူးသားနှင့် လုပ်သော ဘူးထဲထည့်၍ ပြလျှင် မည်သူမျှ ပတ္တမြားတန်ဖိုးကို သိနိုင်မည်မဟုတ်ပါ။ ပတ္တမြားတန်ဖိုး ထင်ပေါ်အောင် ဖန်ကြုတ်ဖြင့် အပြကောင်းစေရမည် ဖြစ်သည်။ အဖွဲ့ဟူသည် ဖန်ကြုတ်ပင် ဖြစ်ပါ၏။’

လူတိုင်းလိုလို ကြားဖူးတဲ့ ဆိုရိုးစကားတွေ ရှိကြတယ်။ ‘စကား….စကားပြောပါများ၊ စကားထဲက အမှားပါ’….တဲ့။ ‘နှုတ်တစ်ရာ စာတစ်လုံး ‘…တဲ့။ အဲဒါကြောင့် အပြောအဆိုရော အရေးအသားပါ အလေးထားရင်တော့ အကောင်းဆုံးလို့ ဆိုရမှာပဲ ဖြစ်ပါတော့တယ်။

ရေးသူ – သူရထိုက်