ဥရောပမှာ ကိုဗစ်ကြောင့် လူခုနစ်သိန်းခန့် ထပ်မံသေဆုံးနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

လာမယ့် မတ်လမတိုင်ခင်အထိ ဥရောပမှာ ကိုဗစ်ကြောင့် လူခုနစ်သိန်းလောက် ထပ်မံသေဆုံးနိုင်ချေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ (WHO) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိအချိန်မှာ ဥရောပတစ်ဝန်း ကိုဗစ်ကြောင့် သေဆုံးသူ ၁ ဒသမ ၅ သန်းရှိထားပြီး လာမယ့် မတ်လမတိုင်မီ ၂ ဒသမ၂ သန်း ပြည့်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စောင့်ကြည့်သူတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဥရောပဟာ ကိုဗစ်စတုတ္ထလှိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရပြီး ပြင်သစ်၊ ဂျာမနီနဲ့ ဂရိနိုင်ငံတွေအပါအဝင် အခြားနိုင်ငံကြီးတွေဟာ ကိုဗစ်ကာကွယ်ဆေးတွေ အမြန်ဆုံး ထိုးနှံပေးဖို့အတွက် ကြိုးစားနေကြရတာပါ။

ဥရောပရဲ့တချို့နိုင်ငံတွေကလည်း ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေကို ဆန့်ကျင်နေကြပြီး နယ်သာလန်မှာဆိုရင် ကိုဗစ်ကန့်သတ်မှုတွေကို ဆန္ဒပြသူတွေ အများကြီးရှိခဲ့ပါတယ်။

ဥရောပမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးသူစာရင်းဟာ နှစ်ဆမြင့်တက်လာနေပြီး ကာကွယ်ဆေးမထိုးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက သေဆုံးစာရင်းထဲမှာရှိနေတာပါ။

WHO ရဲ့ ဥရောပ ဒါရိုက်တာဖြစ်တဲ့ မစ္စတာ ကလုခ်ျ ကတော့ ကိုဗစ်ကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံကြဖို့ တိုက်တွန်းလိုက်ပြီး လာမယ့်ဆောင်းရာသီကုန်အထိ ကိုဗစ်ရောဂါအန္တရာယ်ကို တောင့်ခံထားကြဖို့ ပြောဆိုသွားခဲ့ပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:BBC