ကိုဗစ်ကြောင့် ရုရှားနဲ့ ပါလက်စတိုင်းသံရုံးဝန်ထမ်းတွေ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ခွာ

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုထားတဲ့ မြောက်ကိုရီးယားနိုင်ငံကြောင့် ပြုံယမ်းမှာရှိတဲ့ ရုရှားသံရုံးကနေ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေ နေရပ်ပြန်သွားကြပြီဆိုတဲ့အကြောင်း NK News က ရေးသားထားပါတယ်။ ပြုံယမ်းရဲ့ ရုရှားသံရုံးမှာ နည်းပညာဝန်ထမ်းအနည်းငယ်နဲ့ သံအရာရှိ (၂)ဦးသာ ကျန်နေခဲ့ပြီး ကျန်တဲ့ဝန်ထမ်းတွေက မြောက်ကိုရီးယားနိုင်ငံထဲကနေ ထွက်ခွာသွားကြတာပါ။

အလားတူပဲ ပြုံယမ်းမှာရှိတဲ့ သက်တမ်းအရှည်ဆုံးသံရုံးလို့ဆိုရမယ့် ပါလက်စတိုင်းသံရုံးဝန်ထမ်းတွေကလည်း ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေကြပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ရိုမေးနီးယားသံရုံးဝန်ထမ်းတွေ နိုင်ငံထဲကနေ ထွက်ခွာခဲ့ကြသလို၊ ဇူလိုင်လထဲမှာလည်း ရုရှားသံရုံးထဲက မိသားစုနဲ့ ဝန်ထမ်းပေါင်း (၉၀)လောက် ပြန်လည် ထွက်ခွာသွားခဲ့ကြသေးတာပါ။

လက်ရှိမှာတော့ မြောက်ကိုရီးယားနိုင်ငံထဲမှာ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ လာအို၊ မွန်ဂိုလီးယား၊ ရုရှား၊ ဆီးရီးယားနဲ့ ဗီယက်နမ်သံရုံးတွေသာ ကျန်ရှိနေတော့တာဖြစ်ပြီး အခြားသံရုံးတွေကတော့ ပိတ်ထားလိုက်ကြပါပြီ။

မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ကာလအတွင်းမှာ ရောဂါကူးစက်ခြင်းမရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေပြီး သူတို့အနေနဲ့ ကိုဗစ်ဖြစ်ပွားမှုဆိုင်ရာ အချက်အလက်တွေကို ပေးပို့ခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ တာဝန်ရှိသူတွေဟာ သံရုံးတွေဆီကို နိုင်ငံခြားအထောက်အပံ့ပစ္စည်းတွေ ပေးပို့ခြင်း အပေါ် အောက်တိုဘာလအတွင်း နောက်ဆုံးထား လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပြီး ဥရောပမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်စတုတ္ထလှိုင်းကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:NK News