ဆိုးလ်ရှားမရှိတော့မှ နိုင်ပွဲရခဲ့တဲ့ မန်ယူ

မန်ယူအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗီလာရီးယဲလ်အသင်းကို (၀-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားထုတ်ပယ်ခံရအပြီးမှာပဲ မန်ယူအသင်းနိုင်ပွဲ ပြန်လည်ရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့ ဆန်ချိုတို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြတာပါ။

မန်ယူရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူထားရတဲ့ ကာရစ်ဟာ ရော်နယ်ဒို ကို တိုက်စစ်နေရာမှာထားခဲ့ပြီး ဆန်ချို၊ မာရှယ်နဲ့ ဗန်ဒီဘိခ် တို့ကိုတော့ ကွင်းလယ်တိုက်စစ်ကစားသမားတွေအဖြစ် ကစားစေခဲ့ပါတယ်။ လတ်တလော ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုတော့ အရန်စာရင်းမှာထားခဲ့ပြီး ဗီလာရီးယဲလ်ကို ရင်ဆိုင်ခဲ့တာပါ။

နှစ်သင်းစလုံး အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပေမယ့် အကြိမ်ကြိမ်လွဲချော်ခဲ့ကြသလို မန်ယူဂိုးသမား ဒီဂီယာကလည်း ကောင်းလွန်းနေလို့ ပွဲချိန် ပထမပိုင်းဟာ ဂိုးမရှိ၊ သရေနဲ့ ပြီးဆုံးသွားခဲ့ရတာပါ။

ပွဲချိန် (၇၈)မိနစ်မှာတော့ ဗီလာရီးယဲလ်ရဲ့ နောက်တန်းအမှားကတစ်ဆင့် ရော်နယ်ဒို က မန်ယူအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် (၉၀)မှာတော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြ ကစားခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး မန်ယူအတွက် ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာပါ။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:Mirror