ဂျူဗင်တပ်စ်ကို ဂိုးပြတ်အနိုင်ပွဲမှာ အဓိက ကစားသမားနှစ်ယောက် ဒဏ်ရာရသွားခဲ့တဲ့ ချယ်လ်ဆီး

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းကို (၄-၀)နဲ့ အနိုင်ရသွားခဲ့ပေမယ့် အဲဒီအတွက် ချယ်လ်ဆီးတို့ ပေးဆပ်လိုက်ရတာကတော့ ကြီးမားပါတယ်။ အသင်းရဲ့ အဓိက ကွင်းလယ်လူ ကန်တီနဲ့ နောက်ခံလူ ချီဝဲလ် တို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့်ပါ။

ကန်တီဟာ ပွဲချိန် (၃၇)မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ချီဝဲလ်ကတော့ ပွဲချိန် (၇၁)မိနစ်မှာ ဒူးဒဏ်ရာ ရသွားခဲ့တာပါ။

ဒီကစားသမားနှစ်ယောက်ဟာ အခုတစ်ပတ် ကစားရမယ့် မန်ယူအသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ အခွင့်အရေးနည်းနေပြီး ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကိုတော့ ချယ်လ်ဆီးအသင်းက ထုတ်ပြန်ကြေညာထားတာမျိုး မရှိသေးပါဘူး။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာခြင်းမရှိသေးတာကြောင့် မန်ယူအသင်းနဲ့ပွဲစဉ်ကို လွဲချော်ရဖို့ရှိနေပါသေးတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:TheSun