အာရုံခံစားနိုင်တဲ့ ပုစွန်တွေ၊ ဂဏန်းတွေ၊ ရေဘဝဲတွေကို အရှင်လတ်လတ်ချက် ပြုတ်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများရှိလာ

ပင်လယ်စာတွေဖြစ်တဲ့ ဂဏန်းတွေ၊ ပုစွန်တွေနဲ့ ရေဘဝဲတွေဟာ နာကျင်မှုတွေနဲ့ ဝေဒနာတွေကို ခံစားနိုင်တဲ့ သတ္တဝါတွေဖြစ်ကြောင်း သိပ္ပံပညာအရ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ စားသောက်ဆိုင်တွေမှာတော့ ဒီသတ္တဝါတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ လတ်ဆတ်မှုက အရေးအကြီးဆုံးပါပဲ။

အရှင်လတ်လတ်ကူးခတ်နေတဲ့ ကျောက်ပုစွန်တစ်ကောင်ရဲ့ လတ်ဆတ်မှုဟာ ရေခဲရိုက်ထားတဲ့ ပုစွန်ထက် ပိုပြီး အရသာရှိတယ်လို့ လက်ခံထားကြတာကြောင့်ပါ။

ဒါ့ကြောင့်လည်း စားသောက်ဆိုင်အများစုမှာ ဒီသတ္တဝါတွေကို အရှင်လတ်လတ် ရေနွေးဖျောပစ်တာတွေ၊ တံစို့ထိုးပြီး ကင်ပစ်တာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

တချို့ အစားအသောက် ဘလော့ဂါတွေဆိုရင် အသက်ရှင်နေတဲ့ ရေဘဝဲကို စားပြတာမျိုးတောင် မကြာခဏ လုပ်ပြလေ့ရှိပါတယ်။

ဒါပေမယ့်လည်း စမ်းသပ်တွေ့ရှိမှုတွေမှာတော့ ဒီသတ္တဝါတွေဟာ နာကျင်မှုကို ခံစားနိုင်စွမ်းရှိကြပြီး အခြားတိရစ္ဆာန်တွေလိုပဲ အာရုံခံနိုင်ကြတာကို တွေ့ခဲ့ရပါတယ်။

စမ်းသပ်မှုပေါင်း ၃၀၀ လောက် ပြုလုပ်ခဲ့ပြီးချိန်မှာတော့ Cephalopods (ရေဘဝဲ၊ ကင်းမွန်နဲ့ ပြည်ကြီးငါး ကဲ့သို့ သတ္တဝါများ)၊ Decapods(ဂဏန်း၊ ပုစွန်၊ ကျောက်ပုစွန်ကဲ့သို့သော သတ္တဝါများ) စတာတွေကို အသိရှိတဲ့ သတ္တဝါတွေလို ဆက်ဆံသင့်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာခဲ့တာပါ။

ဗြိတိန်မှာတော့ ဒီသတ္တဝါတွေရဲ့ အသက်ရှင်သန်မှုကို ကာကွယ်ပေးနိုင်မယ့် ဥပဒေအသစ်တွေ ထုတ်ပြန်ဖို့တောင် ကြိုးစားနေပြီး စာရင်းပြုစုမှုတွေကို စတင်လို့နေကြပါပြီ။

နက်ဖလစ်ကနေ ထုတ်လုပ်လိုက်တဲ့ My Octopus Teacher ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ထဲမှာတော့ ရေဘဝဲတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ အာရုံခံစားနိုင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ရေဘဝဲတစ်ကောင်မှာ ခံစားနိုင်စွမ်းရှိတယ်ဆိုတာကို ပြသလို့ထားပါတယ်။

လက်ရှိအချိန်မှာတော့ ပုစွန်တွေ၊ ဂဏန်းတွေ၊ ရေဘဝဲတွေကို အရှင်လတ်လတ် ပြုတ်တာက သင့်တော်ရဲ့လားဆိုတဲ့ ဆွေးနွေးမှုဟာ အင်တာနက်မှာ ဝင်ရောက်ဆွေးနွေးမှု အများဆုံး အကြောင်းအရာတွေထဲက တစ်ခုဖြစ်လို့နေပါတယ်။

တချို့တွေကတော့ ဒီသတ္တဝါတွေကို အရှင်လတ်လတ်စားဖို့အထိ ရည်ရွယ်သူတွေဟာ သူတို့ရဲ့ ကြမ်းတမ်းခက်ထန်မှုကို ပြသူတွေလို့ စွပ်စွဲကြပြီး လူတစ်ယောက်အနေနဲ့ ရက်စက်တဲ့ လုပ်ရပ်မျိုးကို လုပ်လိုက်တာပဲလို့ မှတ်ချက်ပေးကြပါတယ်။

ဝင်ရောက်ဆွေးနွေးသူအများစုက အရှင်လတ်လတ်စားသုံးမှုကို သဘောမကျကြကြောင်း ထုတ်ဖော်ပြောဆိုနေကြပေမယ့် တချို့ကလည်း ဒီသတ္တဝါတွေဟာ စားသုံးခံရဖို့ မွေးဖွားလာတာဖြစ်ကြောင်းနဲ့ သူတို့ သေဆုံးသွားတဲ့နောက် ထပ်ပြီးခံစားရမှာမဟုတ်တော့ကြောင်း မှတ်ချက်ပေးကြပါသေးတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
Ref:Mirror