“အပျင်းရောဂါနဲ့ Skilled Labour”

◾ရေးသူ – ဒေါက်တာခင်မောင်ညို

ကျွန်တော်တို့ချစ်ခင်တဲ့ တပည့်လိုဖြစ်နေတဲ့ စာရေးဆရာ ကိုသည်းက စာတစ်အုပ်ရေးပါတယ်။

လူပျင်းတွေလည်း အောင်နိုင်တယ်တဲ့။

ဒီတော့ ကျွန်တော် သူ့ကို ပြောရပါတယ်။

“ကိုသည်းရာ ဘာလို့ လူပျင်းတွေကို မြှောက်ပေးရတာလဲ”

“ကျွန်တော် မမြှောက်ပေးပါဘူးဆရာ”

“ကိုသည်းက လူပျင်းတွေလည်း အောင်နိုင်တယ်ဆိုတာ သူတို့ကို ပျင်းတာကောင်းတယ်လို့ပြောတဲ့သဘောမျိုး ဖြစ်သွားတယ်မဟုတ်လား”

“ဟုတ်ချင်ရင်တော့ ဟုတ်မှာပေါ့ဆရာ။ ဒါပေမဲ့ တချို့ကအကြောင်းအမျိုးမျိုးကြောင့် လူပျင်းဖြစ်နေတာ။ သူတို့ဟာ လူဖျင်းတွေမဟုတ်တဲ့အကြောင်း ကျွန်တော်ရေးတာပါ။ သူတို့ကြိုးစားပြီး အောင်မြင်နိုင်တာကို ရေးတာပါ”

“ဒါပေမဲ့ ပျင်းတာကို အားပေးသလိုဖြစ်မနေဘူးလား”

“ဟုတ်ကဲ့ဆရာ။ တစ်ခါတစ်ခါလည်း ကြိုးစားပေမယ့် အရာမရောက်တာတွေ အများကြီးပဲ”

သူ့ကို ကျွန်တော် ငြင်းနေလို့မရတာကို သဘောပေါက်လိုက်ပါတယ်။

“ဒါဆိုလည်း မင်းယူဆချက်တွေကို ပြောပြပါလား” လို့ ပြောရပါတယ်။

သို့နှင့် သူပြောတာကိုပဲ နားထောင်လိုက်ပါတယ်။

“ကျွန်တော်တစ်ခါက ပုရွက်ဆိတ်လေးတစ်ကောင်ကို လိုက်ကြည့်မိနေတယ်။ ပုရွက်ဆိတ်ဆိုတာ အင်မတန်အလုပ်လုပ်တဲ့ကောင်ပဲ မဟုတ်လားဆရာ”

“ဟုတ်တယ်လေ။ ဒါကြောင့် အီစွပ်ပုံပြင်ထဲမှာ ပုရွက်ဆိတ်နဲ့ နှံကောင်ဆိုတဲ့ ပုံပြင်ရှိတာပဲ။ နှံကောင်ဟာ တစ်နွေလုံး သီချင်းဆိုကခုန်နေတယ်။ ပုရွက်ဆိတ်ကတော့ အစာရေစာစုဆောင်းတယ်။ ဆောင်းတွင်း အေးခဲပြီး နှင်းတွေကျလာတဲ့အခါမှာ နှံကောင်က အစာရေစာပြတ်ပြီး သေဆုံးတယ်လို့ ရေးထားတာပဲ”

“ဟုတ်တယ်ဆရာ။ ကျွန်တော်လည်း သဘောကျတယ်။ ဒါကြောင့် ပုရွက်ဆိတ်တွေတွေ့ရင် အမြဲလေ့လာတယ်။ အဲဒီနေ့က ပုရွက်ဆိတ်လေးဟာ ငှက်တောင်လေးတစ်ခုကိုချီလာတယ်။ တကယ်တော့ ငှက်တောင်လေးဟာ သူနဲ့စာရင် အင်မတန်ကြီးနေတယ်ဆရာ။ ဒါပေမဲ့ ပုရွက်ဆိတ်ဟာ ငှက်တောင်လေးကို ကြိုးစားပမ်းစား ချီလာတယ်။ သူဟာ အတက်အဆင်းတွေ၊ ချောက်တွေကိုဖြတ်တာပဲ။ သူ ဘာမှမတုန်လှုပ်ဘူး၊ တစ်ခါတစ်ခါယိုင်သွားတယ်။ ဒါပေမဲ့ သူက ရအောင်သယ်နေတာပဲ။ သူ့ကြည့်ရတာ သုံးပေလောက်အကွာအဝေးကို အတော်လေး ကြိုးစားသွားနေရတယ်”

“ပုရွက်ဆိတ်တွေဟာ အင်မတန်မြန်တဲ့ သတ္တဝါတွေမဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူက မတန်တဆအလေးကြီးကို သယ်လာတာပဲ။ သူ တဖြည်းဖြည်းနဲ့ သူ့အိမ်နားကိုရောက်သွားတယ်”

“တော်လိုက်တာ”

“အိမ်ရောက်တော့ ပုရွက်ဆိတ်လေးဟာ ငှက်တောင်လေးကို သူ့အိမ်ထဲထည့်တယ်။ အရှေ့ကနေ ထည့်ကြည့်တယ်။ မရဘူး။ ဒါနဲ့ အနောက်ကလှည့်ထည့်တယ်။ မရပါဘူး။ ငှက်တောင်လေးဟာ သူ့အိမ်ထဲ မဝင်နိုင်ဘူး”

“အိမ်ပေါက်ဝက ကျဉ်းနေလို့လား”

“ဟုတ်ပါတယ်။ အိမ်ပေါက်ဝက ကျဉ်းနေတယ်။ သူ အမျိုးမျိုးကြိုးစားပေမယ့် မရဘူး”

“ဘာဖြစ်သွားလဲ”

“သူ ငှက်တောင်ကို ပစ်ချပြီးတော့ အိမ်ထဲဝင်သွားတာပါပဲဆရာ”

“ဟောဗျာ”

“အဲဒါကြောင့် ပြောတာပေါ့ဆရာရယ်။ ကြိုးစားတိုင်းလည်း အလုပ်မဖြစ်တာတွေ အများကြီးပဲ”

“ဟုတ်တော့ဟုတ်ပါတယ်”

“ကျွန်တော်ငယ်ဘ၀ကို စဉ်းစားပါတယ်။ ကျောင်းမှာ စာကြိုးစားသူတွေ အများကြီးရှိတယ်။ သူတို့ဟာ အတန်းထဲမှာ တော်တယ်လို့ဆိုရပေမယ့် ၁၀ တန်းရောက်တော့ သူတို့စာမေးပွဲကျတယ်”

“၁၀ တန်းက တော်ရုံအောင်မှမအောင်ဘဲ”

“ဟုတ်တယ်ဆရာ။ ကျွန်တော်တို့တောကျောင်းက တစ်ခါတလေ တစ်ကျောင်းလုံးအောင်သူမရှိဆိုတာ ဖြစ်တယ်ဆရာ”

“တစ်ခေတ်ကတော့ တို့မွန်ပြည်နယ်က ကျောင်းတွေလည်း ဒီလိုဖြစ်တာပဲ”

“ဒီတော့ ဆရာရယ်၊ လူအတော်များများဟာ စာမေးပွဲကို စိတ်မဝင်စားဘူး။ ဘောလုံးကန်တယ်။ တချို့လည်း အားကစားလက်ရွေးစင်ဖြစ်ပြီး အောင်မြင်သွားကြသူတွေလည်း ရှိတယ်”

“သူတို့လည်း တစ်ဖက်က ကြိုးစားတာပဲ”

“ဟုတ်ပါတယ်။ လုံးဝမကြိုးစားသူတချို့လည်း အပေါင်းအသင်းကောင်းပြီး သူဌေးဖြစ်သွားတာရှိတယ်”

“သူတို့လည်း ခွင်တွေ့လို့ ကြိုးစားတာဖြစ်မှာပဲပေါ့”

“ဟုတ်တယ်။ ပျင်းလိုက်တာဆိုတဲ့ လူငယ်တွေဟာ ဘာလို့ပျင်းလဲဆိုတာ လေ့လာဖူးပါတယ်။ သူတို့ဟာ လုပ်စရာကိုင်စရာမရှိတဲ့အခါ၊ ဘာမှမလုပ်ချင်တဲ့အခါတွေ၊ စိတ်ဝင်စားရာမရှိတဲ့အခါတွေမှာ ပျင်းလေ့ရှိကြတယ်”

“သူတို့ဟာ လုပ်တဲ့အခါမှာကော ဘယ်နှယောက်က အားသွန်ခွန်စိုက်အလုပ်လုပ်လဲ”

“တစ်ချိန်က စကားတစ်ခုရှိတယ်။ လုပ်လည်းဒီလခ၊ မလုပ်လည်းဒီလခဆိုတော့ လူတွေ ဘယ်အားထုတ်ချင်ကြမလဲ”

ကျွန်တော်က ကိုသည်းရှင်းပြတာကို သဘောကျပါတယ်။

ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။

“လူပျင်းတွေ အလုပ်လုပ်ဖို့ ဘာလိုလဲ”

“မျှော်လင့်ချက်ပေါ့ ဆရာ။ Incentive လိုပါတယ်ဆရာ” တဲ့။

သူပြောတာ မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လခစားအတော်များများဟာ လမ်းပျောက်နေကြတယ်။ အလုပ်မပြုတ်ရုံ လုပ်ကြတယ်။ ပင်စင်ယူတဲ့အခါ ရတဲ့ဘောနပ်စ် (Bonus) လေးနဲ့ တောပြန်၊ အိမ်လေးဘာလေးနဲ့ နေထိုင်နိုင်ဖို့ ကြိုးစားတာတွေရှိတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေက တောမှာမနေနိုင်တော့ဘူး။ ကျောင်းနေဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေကျတော့ မြို့တွေမှာပဲဖြစ်နေတာကိုး။

အမေရိကန် သို့မဟုတ် စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဟာ ချေးငွေနဲ့ အိမ်ဝယ်နိုင်တယ်။ ကားဝယ်နိုင်တယ်။ အလုပ်ပိတ်ရက်တွေမှာ ခရီးတွေ ထွက်နိုင်တယ်။ ဒီတော့ သူတို့ရဲ့လုပ်အားတွေလည်း ပိုထွက်လာတယ်။ သူတို့ဟာ အရည်အသွေးပြည့်ဝသူများ (Skilled Labour) တွေဖြစ်လာတယ်။ ဖြစ်အောင်လည်း ကြိုးစားကြတယ်။ သူတို့မှာ အလုပ်သမား Counselling တွေရှိတယ်။ Counselling တွေဆိုတာ လမ်းညွှန်အကြံပေးတာတွေပေါ့။

အနောက်တိုင်းက နေရာတော်တော်များများမှာလည်း အလုပ်သမားတွေဟာ သူတို့ရဲ့အလုပ်တွေကို စိတ်ဝင်စားမှုနည်းကြတာကို တွေ့ရတယ်။ သတိရတုန်း ဂန္ထဝင် အင်တာဗျူးလေးကို ပြောချင်တယ်။

တစ်ခါက ပုပ်ရဟန်းမင်းကြီးကို သတင်းထောက်တစ်ယောက်က မေးတယ်။

“ဗာတီကန် (Vatican) မှာ အလုပ်သမားဘယ်နှယောက် အလုပ်လုပ်လဲ”

ဗာတီကန်ဆိုတာ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး သီတင်းသုံးရာ ပရိဝုဏ် [ခရစ်ယာန် ရဟန်းတွေရဲ့မြို့တော်(နိုင်ငံ)] ဖြစ်တယ်။

သတင်းထောက်က အလုပ်သမားဦးရေကို သိချင်တယ်။ ပုပ်ရဟန်းမင်းကြီးက ခပ်ရွှင်ရွှင်ပဲ ဖြေလိုက်ပါတယ်။

“တစ်ဝက်လောက်တော့ လုပ်မှာပေါ့” တဲ့။

တကယ်အလုပ်လုပ်နေတဲ့သူဟာ တစ်ဝက်လောက်သာရှိတယ်ဆိုပြီး အများစုဟာ ရေသာခိုနေကြတယ်လို့ ပြောချင်တာပါပဲ။

လူတွေဟာ အားမထုတ်ချင်ကြဘူး။ ဒီအတွက် သူတို့အရည်အသွေးကို ထုတ်မသုံးကြဘူး။

အရည်အသွေးအစစ်အမှန်ကို ထုတ်သုံးခြင်းမရှိတဲ့အတွက် တဖြည်းဖြည်း အရည်အသွေးညံ့လာတယ်။

အလုပ်ကို စိတ်ဝင်စားခြင်းမရှိတဲ့အတွက် ‘ပျင်း’ လာတယ်။ ပျင်းလာရာကနေ ‘ဖျင်း’ လာတော့တာပါပဲ။

ကျွန်တော်တို့ သုံးနေတဲ့ပစ္စည်းတွေကို ကြည့်လိုက်ပါ။ သွားကြားထိုးတံကအစ နိုင်ငံခြားက တင်သွင်းနေတဲ့ Brand တွေရှိတယ်။

တယ်လီဖုန်း၊ တယ်လီဗေးရှင်း၊ အီလက်ထရွန်နစ်ပစ္စည်းအားလုံး လူသုံးများတဲ့ စက်ပစ္စည်းတွေအားလုံးကို နိုင်ငံခြားကနေ တင်သွင်းနေကြတာဖြစ်တယ်။

ဒီပစ္စည်းတွေကို ကျွန်တော်တို့ မထုတ်လုပ်နိုင်ပါ။ သို့သော် ကျွန်တော်တို့လုပ်နိုင်တာတွေ အများကြီးရှိတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ အများကြီး လုပ်လို့ရတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာတော့ အရည်အသွေးမပြည့်ဝဘူး။ ဥပမာအနေနဲ့ပြောရရင် နိုင်ငံခြားသားတွေက အဆောက်အအုံဆောက်တဲ့အခါ မြန်မာလက်သမား ပန်းရန်ကို မသုံးပါ။ မြန်မာတွေကို အလုပ်ကြမ်း၊ သန့်ရှင်းရေး၊ ပစ္စည်းသယ် ထမင်းချက်လောက်ပဲ ခန့်ကြတယ်။

ဒါနဲ့ပတ်သက်လို့ ကျွန်တော် လုပ်ငန်းရှင်တော်တော်များများကို မေးကြည့်ပါတယ်။

ကြိမ်လုပ်ငန်းရှင်တစ်ဦးကို ပထမမေးပါတယ်။၊

“နိုင်ငံခြားမှာ ဒီလိုကြိမ်ကုလားထိုင်တစ်လုံးကို လူတစ်ယောက်တစ်ရက်နဲ့ ထိုးလို့ပြီးတယ်။ ဒီမှာတော့ လူနှစ်ယောက် နှစ်ရက်သုံးရတယ်။ တစ်ခါတစ်ခါ လေးရက်ကြာမှ တစ်လုံးပြီးတယ်”တဲ့။

ဒါပေမဲ့ အမေရိကန်၊ ဂျပန်၊ ကိုရီးယားစတဲ့နိုင်ငံအသီးသီးကို ရောက်နေကြတဲ့ မြန်မာအလုပ်သမားအားလုံးလိုလိုဟာ နိုင်ငံခြားကအလုပ်သမားတွေရဲ့ စံချိန်အတိုင်း အလုပ်လုပ်နိုင်ကြပါတယ်။

ခု သူတို့ပြောသလို လေးချိုးတစ်ချိုးတော့ မဟုတ်ပါ။

ဘာကြောင့်လဲ။

သူတို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိနေလို့ဆိုနိုင်တယ်။

အမေရိကန် သို့မဟုတ် စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဟာ ချေးငွေနဲ့ အိမ်ဝယ်နိုင်တယ်။ ကားဝယ်နိုင်တယ်။ အလုပ်ပိတ်ရက်တွေမှာ ခရီးတွေ ထွက်နိုင်တယ်။

ဒီတော့ သူတို့ရဲ့လုပ်အားတွေလည်း ပိုထွက်လာတယ်။

သူတို့ဟာ အရည်အသွေးပြည့်ဝသူများ (Skilled Labour) တွေဖြစ်လာတယ်။ ဖြစ်အောင်လည်း ကြိုးစားကြတယ်။

သူတို့မှာ အလုပ်သမား Counselling တွေရှိတယ်။ Counselling တွေဆိုတာ လမ်းညွှန်အကြံပေးတာတွေပေါ့။

ထီပေါက်ရင်တောင် ဘယ်လိုသုံး၊ ဘယ်လိုနေဆိုတဲ့ Counselling ကို အစိုးရက အကြံပေးတယ်။

ကျွန်တော်တို့ဟာ နိုင်ငံကို တည်ဆောက်နေကြပါတယ်။

ဘာကြောင့် မတိုးတက်သေးတာလဲ။ ဘယ်လိုတိုးတက်အောင် လုပ်မလဲ။

ဒါတွေကို လေ့လာဆန်းစစ်ဖို့လိုတယ်။

ကမ္ဘာနဲ့တစ်ဝန်း တိုးတက်မှုအရှိန်ဟာ အင်မတန်ကြီးနေပါတယ်။ လက်ရှိတော့ ကိုဗစ်ကြောင့် ရပ်တန့်နေပေမယ့် မကြာမီတိုးတက်လာမယ့် လမ်းကြောင်းပေါ် ပြန်ရောက်မှာပါပဲ။

ပျင်းရင်ဖျင်းပါတယ်။ မပျင်းကြ၊ မဖျင်းကြဖို့ နည်းလမ်းတွေရှာကာ ကူညီဆောင်ရွက်ကြပါစို့။