ကိုယ်တို့ ရပ်တည်မှု

ကိုယ်တို့ ချောင်လည်ပုံက ဖိနပ်တစ်ရန်ဝယ်တာလည်း အခွန်နဲ့ ဘာနဲ့။ ကိုယ်တို့ အေးမြမှုကလည်း အရက်တစ်ခွက်ထဲမှာ ရေခဲနဲ့ ဆော်ဒါနဲ့။ ကိုယ်တို့ လွတ်လပ်မှုကလည်း ပန်းခြံတစ်ခုထဲမှာ အဆဲနဲ့ ရန်ပွဲနဲ့။ ကိုယ်တို့ ဥပဒေကလည်း အမှန်တရားကို ဝန်ခံရင် လက်ထိတ်နဲ့ ခြေချင်းနဲ့။ ကိုယ်တို့ အားကိုးစရာဆိုလို့ တရားစောင့်နတ်သည်ပင် လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါ။ ကိုယ်တို့ ခံစားချက်တွေကလည်း သံသရာထဲမှာ မိုးရွာလိုက်၊ နေပူလိုက်၊ လေပြင်းကျလိုက်။ ကိုယ်ကသာ ကိုယ့်အကြိုက်လို ရိုးသားမှုကို ခပ်ငိုက်ငိုက် ဆောင်းရင်းပေါ့။ သျှီသူအောင်

တန်ခူး

ရာသီလေ ဇာခြည်နွေ သူရိန်ဖူးပြာ ဝါရောင်ဝေ နွေကိုထူးအောင် ပိတောက်ငုဖူး။ ပျော်မြူးစေ လတန်ခူး နှစ်ကူးတွင်ပ ပိတောက်ကလူး။ ဖူးပုရစ် ထူးဆစ်ဆစ် ရွက်ရည်ရိုးမှာ စိမ်းစို့စို့ မခို့တရို့ ပါးအို့နွေဦး။ ဝါရွှေလှိုက် ကြွေလိုက်လေ တဝေဝေလဲ့ ပင်အောက်ခြေမြူး။  

နှစ်ဦးဆုမွန်

နှစ်သစ်ကိုကြို၊ အတာပွဲဆိုလျှင် ပျော်ရွှင်ကခုန်၊ ပြိုင်ကြပုံက စုံစုံလင်လင်၊ ခုံခုံမင်မင်။ မြန်မာ့ရိုးရာ၊ ဒီအတာပွဲ နွှဲတခြိမ့်ခြိမ့်၊ ရေကြည်စိမ့်အေး ပက်ကြသေးရဲ့။ ပိတောက်တွေပွင့် ဟိုပင်မြင့်ယံ ရွှေနှင့် ယိုးမှား တစ်ခက်ဖျားချိုး သက်ထားပန်ဖို့ ပေးလိုက်ချင်။ မေတ္တာရနံ့၊ ထုံသင်းပျံ့ဝေ သင်္ကြန်လေမှာ၊ မျှဝေသတ္တဝါ အေးမေတ္တာရေ၊ ဆုပန်ခြွေ၍ မြန်ပြည်သာယာ ဓွန့်ရှည်စွာဖြင့် ကမ္ဘာတည်သရွေ့ ပြုံးကြည်မွေ့ စွာ ရေတွေ့ကြာနှယ် ချစ်ရေးကြွယ်စေ ဆယ်ဖြာလက်မိုး ကျွန်ရှိခိုး၍ ကောင်းမျိုးဆုတွေ တောင်းလိုက်ပေသည် ပြည့်စေပါကြောင်း အောင်စေကြောင်း။ ။

၂၀၁၈

ကမ္ဘာကြီးဟာ ရွာကြီးဖြစ်တော့မှာတဲ့ ဟုတ်ကဲ့ . . . . ဒီနေ့ဟာ မနက်ဖြန်မဟုတ်ဘူး ထူးချင်လည်း ထူးမယ် ရူးချင်လည်း ရူးမယ် ချဉ်ချဉ်တူးတူး မူးပြီးရောမလုပ်ကြနဲ့ကွယ်။

စကားလုံးနှစ်လုံးတည်းနဲ့ ခမ်းနားလွန်းတဲ့ကဗျာ

ဖွဲ့နွဲ့ဖို့ စကားလုံးမရှိတဲ့ကဗျာ သီဆိုဖို့ သံစဉ်မမီတဲ့ တေးသွား ရေးဆွဲဖို့ စုတ်ချက်မညီတဲ့ ပန်းချီ တကယ်တော့ အမေက စကားလုံးနှစ်လုံးတည်းနဲ့ ခမ်းနားလွန်းတဲ့ ကဗျာ ကျွန်တော်က အမေ့ရဲ့ သက်ပြင်းမောလေးတစ်ခုပါ အမေ။

ကိုယ်စိတ်နှုတ်တည် မေတ္တာရည်

မေတ္တာနဲ့ ကိုယ်တည် တုံ့ပြန်ဟန်မူ ယဉ်ကျေးသည် ရှုမြင်ရှင်းသန့်ကြည် ။ မေတ္တာနဲ့ နှုတ်တည် ခွန်းတုံ့နားဝယ် ကြားရမည် ချစ်ဖွယ်ချိုအေးကြည်။ မေတ္တာနဲ့ စိတ်တည် ခိုင်ခံ့ကုံလုံ လှပကြည် ဘ၀ထုံသင်းမည်။ နှစ်လိုဖွယ်လူလုပ် ကိုယ်စိတ်နှုတ်မှာ မေတ္တာအုပ် အေးချမ်းဘ၀ရုပ် ။ ။

စုန်ရေအလွမ်း

ခရမ်းချဉ်သီးကို မီးကျီခဲထဲ ထည့်ဖုတ် ငရုတ်သီးအခြောက်တောင့်လေးတွေကို ဖဲထီးသံချောင်းနဲ့ ထိုးသီလို့ မီးကင် မှုန့်အောင်ထောင်း ကြက်သွန်မြိတ်ထုံးလေးတွေနဲ့ ပုစွန်ငါးပိလေးနဲ့ ငရုတ်ဆုံထဲမှာ သမအောင်ထောင်းလို့ ငါးခြောက်လေးကို ၀ါးထက်ခြမ်း ညှပ်ကလေး ညှပ်လို့ မီးကင် ဆီကလေးဆမ်း ပန်းဂေါ်ဖီပွင့်လေးကိုကြော် အမေလုပ်ကျွေးခဲ့တဲ့ လက်ရာလေးကို သတိရ။ အမေရေ . . . . အမေ့မြေးတွေကို ပြောပြ အမေ့လက်ရာမျိုး သားသမီးတွေကို လုပ်ကျွေးမိတော့ စားလို့ကောင်းသတဲ့ အမေရယ် ။ အမေ့ကိုလွမ်းရင်း နံနက်စာလေးက စုန်ရေ စုန်ရေလို့ သရော်နေသလိုပါပဲ အမေရယ် ။ ။

ပစ္စုပ္ပန်

ပစ္စုပ္ပန်ဟာ . . . . အတိတ်ကို လွမ်းဆွတ်ပြီး အနာဂတ်ကို မျှော်လင့်နေတယ် ။ တစ်ခါတလေတော့လည်း ပစ္စုပ္ပန်ဟာ . . . . အရာရာကိုမေ့ ပစ္စုပ္ပန်မှာပဲ ပျော်မွေ့နေပြန်တယ် ။ တစ်ခါတလေ ကျပြန်တော့ ပစ္စုပ္ပန်ဟာ . . . . အတိတ်ကို အပြစ်တင်ပြီး အနာဂတ်ကို အချစ်ဝင်နေပြန်ပါရော ။ တကယ်တော့လည်း . . . . ပစ္စုပ္ပန်ဆိုတာ မရှိရင် အတိတ်လည်း မရှိ အနာဂတ်လည်း မလာ ဘာဆိုဘာမှ မရှိနိုင်တော့ဘူးလေ။ အခုပဲကြည့် ပစ္စုပ္ပန်ဟာ . . . . သံသရာကိုဆွဲဆန့်ဖို့ ဟန်ရေးတပြပြ ကန့်လန့်ကာ...

တံငါ(၁၁)

ငါးမရှိတဲ့ မြစ်မှာ ငါးစာမပါတဲ့ ငါးမျှားချိတ်နဲ့ နေ၀င်ဆည်းဆာကို ငေးရင်း . . . . မျှားနေမိတယ် စိတ်ထဲမှာ မြစ်ရှိနေသရွေ့ စိတ်ထဲမှာ ငါးမျှားချိတ်ရှိနေသရွေ့ ငါးတွေ မိနေဦးမှာပေါ့ ကိုယ့်ကိုယ်ကိုယ် ပြန်မမိရုံကလွဲလို့ ။ ။

ရွှေပြည်တော် မျှော်ရန်မဝေးပြီ

အမှိုက်လား ပစ်ပေါ့ သူ့နေရာနှင့်သူ သူ့စည်းကမ်းနဲ့သူ။ ကွမ်းလား စားပေါ့ (ကွမ်းတံတွေးလား ထွေးပေါ့) သူ့နေရာနှင့်သူ သူ့စည်းကမ်းနဲ့သူ။ ဆေးလိပ်လား သောက်ပေါ့ သူ့နေရာနှင့်သူ သူ့စည်းကမ်းနဲ့သူ။ အရက်လား သောက်ပေါ့ သူ့နေရာနှင့်သူ သူ့စည်းကမ်းနဲ့သူ။ လူလား ရှင်သန်ပေါ့ သူ့နေရာနှင့်သူ သူ့စည်းကမ်းနဲ့သူ။