နှစ်ဦးဆုမွန်
နှစ်သစ်ကိုကြို၊ အတာပွဲဆိုလျှင်
ပျော်ရွှင်ကခုန်၊ ပြိုင်ကြပုံက
စုံစုံလင်လင်၊ ခုံခုံမင်မင်။
မြန်မာ့ရိုးရာ၊ ဒီအတာပွဲ
နွှဲတခြိမ့်ခြိမ့်၊ ရေကြည်စိမ့်အေး
ပက်ကြသေးရဲ့။
ပိတောက်တွေပွင့်
ဟိုပင်မြင့်ယံ
ရွှေနှင့် ယိုးမှား
တစ်ခက်ဖျားချိုး
သက်ထားပန်ဖို့ ပေးလိုက်ချင်။
မေတ္တာရနံ့၊ ထုံသင်းပျံ့ဝေ
သင်္ကြန်လေမှာ၊ မျှဝေသတ္တဝါ
အေးမေတ္တာရေ၊ ဆုပန်ခြွေ၍
မြန်ပြည်သာယာ
ဓွန့်ရှည်စွာဖြင့်
ကမ္ဘာတည်သရွေ့
ပြုံးကြည်မွေ့ စွာ
ရေတွေ့ကြာနှယ်
ချစ်ရေးကြွယ်စေ
ဆယ်ဖြာလက်မိုး
ကျွန်ရှိခိုး၍
ကောင်းမျိုးဆုတွေ
တောင်းလိုက်ပေသည်
ပြည့်စေပါကြောင်း အောင်စေကြောင်း။ ။
စကားလုံးနှစ်လုံးတည်းနဲ့ ခမ်းနားလွန်းတဲ့ကဗျာ
ဖွဲ့နွဲ့ဖို့
စကားလုံးမရှိတဲ့ကဗျာ
သီဆိုဖို့
သံစဉ်မမီတဲ့ တေးသွား
ရေးဆွဲဖို့
စုတ်ချက်မညီတဲ့ ပန်းချီ
တကယ်တော့ အမေက
စကားလုံးနှစ်လုံးတည်းနဲ့ ခမ်းနားလွန်းတဲ့ ကဗျာ
ကျွန်တော်က
အမေ့ရဲ့ သက်ပြင်းမောလေးတစ်ခုပါ အမေ။
ကိုယ်စိတ်နှုတ်တည် မေတ္တာရည်
မေတ္တာနဲ့ ကိုယ်တည်
တုံ့ပြန်ဟန်မူ ယဉ်ကျေးသည်
ရှုမြင်ရှင်းသန့်ကြည် ။
မေတ္တာနဲ့ နှုတ်တည်
ခွန်းတုံ့နားဝယ် ကြားရမည်
ချစ်ဖွယ်ချိုအေးကြည်။
မေတ္တာနဲ့ စိတ်တည်
ခိုင်ခံ့ကုံလုံ လှပကြည်
ဘ၀ထုံသင်းမည်။
နှစ်လိုဖွယ်လူလုပ်
ကိုယ်စိတ်နှုတ်မှာ မေတ္တာအုပ်
အေးချမ်းဘ၀ရုပ် ။ ။
စုန်ရေအလွမ်း
ခရမ်းချဉ်သီးကို မီးကျီခဲထဲ ထည့်ဖုတ်
ငရုတ်သီးအခြောက်တောင့်လေးတွေကို
ဖဲထီးသံချောင်းနဲ့ ထိုးသီလို့ မီးကင်
မှုန့်အောင်ထောင်း
ကြက်သွန်မြိတ်ထုံးလေးတွေနဲ့
ပုစွန်ငါးပိလေးနဲ့
ငရုတ်ဆုံထဲမှာ သမအောင်ထောင်းလို့
ငါးခြောက်လေးကို ၀ါးထက်ခြမ်း
ညှပ်ကလေး ညှပ်လို့ မီးကင်
ဆီကလေးဆမ်း
ပန်းဂေါ်ဖီပွင့်လေးကိုကြော်
အမေလုပ်ကျွေးခဲ့တဲ့
လက်ရာလေးကို သတိရ။
အမေရေ . . . .
အမေ့မြေးတွေကို ပြောပြ
အမေ့လက်ရာမျိုး သားသမီးတွေကို
လုပ်ကျွေးမိတော့
စားလို့ကောင်းသတဲ့ အမေရယ် ။
အမေ့ကိုလွမ်းရင်း နံနက်စာလေးက
စုန်ရေ စုန်ရေလို့
သရော်နေသလိုပါပဲ အမေရယ် ။ ။
ပစ္စုပ္ပန်
ပစ္စုပ္ပန်ဟာ . . . .
အတိတ်ကို လွမ်းဆွတ်ပြီး
အနာဂတ်ကို မျှော်လင့်နေတယ် ။
တစ်ခါတလေတော့လည်း
ပစ္စုပ္ပန်ဟာ . . . .
အရာရာကိုမေ့
ပစ္စုပ္ပန်မှာပဲ ပျော်မွေ့နေပြန်တယ် ။
တစ်ခါတလေ ကျပြန်တော့
ပစ္စုပ္ပန်ဟာ . . . .
အတိတ်ကို အပြစ်တင်ပြီး
အနာဂတ်ကို အချစ်ဝင်နေပြန်ပါရော ။
တကယ်တော့လည်း . . . .
ပစ္စုပ္ပန်ဆိုတာ မရှိရင်
အတိတ်လည်း မရှိ
အနာဂတ်လည်း မလာ
ဘာဆိုဘာမှ မရှိနိုင်တော့ဘူးလေ။
အခုပဲကြည့်
ပစ္စုပ္ပန်ဟာ . . . .
သံသရာကိုဆွဲဆန့်ဖို့
ဟန်ရေးတပြပြ
ကန့်လန့်ကာ...
ရွှေပြည်တော် မျှော်ရန်မဝေးပြီ
အမှိုက်လား ပစ်ပေါ့
သူ့နေရာနှင့်သူ
သူ့စည်းကမ်းနဲ့သူ။
ကွမ်းလား စားပေါ့
(ကွမ်းတံတွေးလား ထွေးပေါ့)
သူ့နေရာနှင့်သူ
သူ့စည်းကမ်းနဲ့သူ။
ဆေးလိပ်လား သောက်ပေါ့
သူ့နေရာနှင့်သူ
သူ့စည်းကမ်းနဲ့သူ။
အရက်လား သောက်ပေါ့
သူ့နေရာနှင့်သူ
သူ့စည်းကမ်းနဲ့သူ။
လူလား ရှင်သန်ပေါ့
သူ့နေရာနှင့်သူ
သူ့စည်းကမ်းနဲ့သူ။
ငြိမ်းချမ်းရေးလက်
တစ်ဦးတစ်ယောက် အတ္တစိတ်တွေဖျောက်
တစ်စု၊ တစ်ဖွဲ့ အမုန်းအာဃာတတွေဖျက်
ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု
စာနာမှုတွေနဲ့ ရှေ့ဆက်
ညီနောင်သွေးချင်းတွေ ညီညွတ်လျက်
နိုင်ငံ့အတွက် အနာဂတ်အတွက်
နောင်လာနောက်သားများအတွက်
ငြိမ်းချမ်းရေးလက်တွေ ယှက်ကြမယ်။